Skip to main content

Tella အသုံးပြုသူ ဇာတ်ကြောင်းများ

CLEEN ဖောင်ဒေးရှင်း- နိုင်ဂျီးရီးယား

Summary

CLEEN ဖောင်ဒေးရှင်းသည် နိုင်ဂျီးရီးယားတွင် ရွေးကောက်ပွဲ စောင့်ကြည့်ရန်အတွက် Tella ကို အသုံးပြုခဲ့သည်။ ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုကိစ္စများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် ကူညီပေးသည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများထံမှ အစီရင်ခံစာ ၇၈၀၀ ကို ဖောင်ဒေးရှင်းက လက်ခံရရှိခဲ့သည်။ အစီရင်ခံစာများတွင် စာသားဖော်ပြချက်များအပြင် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံအထောက်အထားများ ပါဝင်သည်။ CLEEN ဖောင်ဒေးရှင်းသည် ရွေးကောက်ပွဲအပြီး နောက်တစ်ရက်တွင် ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်၏ ရလဒ်များကို လက်ခံ၍ ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ပြီး ထုတ်ဝေနိုင်ခဲ့သည့်အပြင် လာမည့်ရွေးကောက်ပွဲများတွင် လုံခြုံရေးတိုးတက်စေရန်၊ အကြမ်းဖက်မှုများကို လျှော့ချရန်နှင့် လိမ်လည်မှုများကို တားဆီးရန်အတွက် နိုင်ဂျီးရီးယားအစိုးရထံ အကြံပြုချက်များနှင့်အတူ အစီရင်ခံစာတစ်စောင်ကို ထုတ်ဝေနိုင်ခဲ့ပါသည်။

👥 +၁၀၀၀ အသုံးပြုသူများ

📲 ရုပ်ပုံများ၊ အသံနှင့် ဗီဒီယိုများ အပါအဝင် အစီရင်ခံစာ ၇၈၀၀

🗄️ ချိတ်ဆက်မှု- ODK (Kobotoolbox)

CLEEN ဖောင်ဒေးရှင်း သည် ၁၉၉၈ ခုနှစ်၌ နိုင်ဂျီးရီးယားတွင် တည်ထောင်ခဲ့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အများပြည်သူဘေးကင်းရေး၊ လုံခြုံရေးနှင့် လက်လှမ်းမီနိုင်သော တရားမျှတမှုကို မြှင့်တင်ပေးရန်အတွက် အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လက်တွေ့ကျသော သုတေသန၊ ဥပဒေပြုရေးဆိုင်ရာ လှုံ့ဆော်မှု၊ သရုပ်ပြအစီအစဉ်များနှင့် ထုတ်ဝေမှုများကို လုပ်ဆောင်လျက်ရှိပါသည်။

နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများ ကျင်းပစဉ် နိုင်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့များ၏ အပြုအမူကို စောင့်ကြည့်ရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတွင် CLEEN သည် Tella ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ စစ်ရေးအသားပေးမှုနှင့် အကြမ်းဖက်မှု ခန့်မှန်းချက်များ ဖြင့် စောင့်ကြည့်မှုမှာ အရေးကြီးပါသည်။ Tella ကို အသုံးပြု၍ CLEEN သည် အောက်ပါတို့ကို လုပ်ဆောင်နိုင်ခဲ့သည်-

  • နိုင်ငံတစ်ဝန်း ရာနှင့်ချီသော အသုံးပြုသူများထံမှ ဒေတာစုဆောင်းခြင်း
  • အကြမ်းဖက်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုပုံစံများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ခြင်း
  • စုဆောင်းရရှိထားသော ဒေတာများကို အခွင့်မရှိဘဲ ပြင်ဆင်ဖျက်ဆီးခြင်းနှင့် ကြားဝင်နှောင့်ယှက်ခြင်းများမှ ကာကွယ်ခြင်း
  • စုစည်းရရှိသော အချက်အလက်များအပေါ် အခြေခံ၍ နိုင်ဂျီးရီးယားအစိုးရထံ မူဝါဒဆိုင်ရာ အကြံပြုချက်များပေးခြင်း

Tella ကို အသုံးမပြုမီက WhatsApp ကို ဗဟိုပြုပြီး စာတမ်းပြုစုမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို CLEEN ဖောင်ဒေးရှင်းက လုပ်ဆောင်ခဲ့သည်- ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုင်ရာ ပြဿနာများကို တိုင်ကြားရန် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့်စာတိုများကို WhatsApp နံပါတ်တစ်ခုသို့ ရာနှင့်ချီသော စောင့်ကြည့်လေ့လာသူများက ပေးပို့ခဲ့သည်။ ထို့နောက် CLEEN ဝန်ထမ်းများသည် ပေးပို့ထားသောအရာများကို ဒေါင်းလုဒ်လုပ်ကာ ပုံစံများ ခွဲခြားသတ်မှတ်ရန်အတွက် စုစည်းရန် ကြိုးစားသည်။ ယင်းလုပ်ငန်းစဥ်မှာ အလွန်ခက်ခဲပြီး အချိန်ကုန်ခံရသော လုပ်ငန်းစဉ်ဖြစ်သည်- မည်သူက မည်သည့်အချက်အလက် ပေးပို့သည်ကို ခြေရာခံရန်နှင့် ဖော်မက်အမျိုးမျိုးဖြင့် ပေးပို့လာသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲပါသည်။ အခြားကိစ္စများတွင် CLEEN သည် Google Forms ကို အသုံးပြုခဲ့သည်။ ၎င်းမှာ ပိုမို၍ အစီအစဥ်တကျဖြစ်သော်လည်း မာလ်တီမီဒီယာဖိုင်များ ပေးပို့ခြင်း သို့မဟုတ် အော့ဖ်လိုင်းဒေတာ စုဆောင်းခြင်းကို မပံ့ပိုးပါ။

၂၀၁၉ ဖေဖော်ဝါရီတွင် နိုင်ဂျီးရီးယားနိုင်ငံ၏ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာရန် Horizontal ၏ ပံ့ပိုးမှုဖြင့် CLEEN သည် Tella ကို အသုံးပြုခဲ့သည်။ Horizontal က ထည့်သွင်းခဲ့သည့် Kobotoolbox သည် ဒေတာအတွက် back-end သိုလှောင်ခန်းအဖြစ် လုပ်ဆောင်ပေးသော ဆော့ဖ်ဝဲဖြစ်ပြီး CLEEN အတွက် သီးသန့်ဆာဗာတစ်ခုတွင် ထိုဒေတာကို အချိန်နှင့်အမျှ ထိန်းသိမ်းထားသည်။ အသုံးပြုစဉ်တစ်လျှောက် ဒေတာစုဆောင်းရာ၌ အသုံးပြုသည့်ဖောင်များကို အကောင်းဆုံးပြုလုပ်နည်းနှင့် Tella ကို မြေပြင်တွင် အသုံးပြုနည်းတို့အတွက် ပံ့ပိုးမှုနှင့် လမ်းညွှန်မှုတို့ကိုလည်း Horizontal က ပေးခဲ့ပါသည်။ ပြည်နယ်ညှိနှိုင်းရေးမှူး ဒါဇင်ပေါင်းများစွာကို အက်ပ်အသုံးပြုနိုင်ရန် CLEEN က လေ့ကျင့်ပေးခဲ့ပြီး အဆိုပါညှိနှိုင်းရေးမှူးများက သက်ဆိုင်ရာပြည်နယ်အသီးသီး၌ လေ့လာစောင့်ကြည့်သူရာပေါင်းများစွာကို ထပ်ဆင့် လေ့ကျင့်ပေးခဲ့သည်။ အဆိုပါ “အသိအမှတ်ပြုခံထားရသော လေ့လာသူ" တစ်ဦးချင်းကို အသုံးပြုသူအမည်နှင့် စကားဝှက်တစ်ခုစီ ပေးထားခြင်းဖြင့် ဒေတာအတွဲတစ်ခုစီနှင့် ပတ်သက်သော နောက်ဆက်တွဲမေးခွန်းများနှင့် အတည်ပြုချက်များ ပြုလုပ်နိုင်ရန် စောင့်ကြည့်လေ့လာသူတစ်ဦးနှင့် ချိတ်ဆက်နိုင်ခဲ့ပါသည်။ ထို့ပြင် မည်သူမဆို "နိုင်ငံသား စောင့်ကြည့်လေ့လာသူ" ဖြစ်လာပြီး ဧည့်သည်အကောင့်မှတစ်ဆင့် Tella တွင် ဒေတာပေးပို့နိုင်ရန် ညွှန်ကြားချက်များကို CLEEN က ထုတ်ပြန်ခဲ့ပါသည်။

လေ့လာစောင့်ကြည့်သူများအား မဲရုံတွင် လုံခြုံရေးအရာရှိ မည်မျှရှိကြောင်း၊ မည်သည့်အချိန်တွင် ရောက်ရှိကြောင်း စသည့် ၎င်းတို့ စိတ်ဝင်စားသော သီးခြားမေးခွန်းများကို မေးရန်နှင့် မတော်တဆဖြစ်ရပ်များကို သတင်းပို့ရန် CLEEN မှ ဖောင်ပုံစံများ ဖန်တီးထားသည်။ စောင့်ကြည့်လေ့လာသူများအနေဖြင့် ဖြစ်ရပ် သရုပ်ဖော်ရေးသားခြင်းအပြင် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံအထောက်အထားများ ပူးတွဲဖော်ပြခြင်းများကို အဆိုပါမတော်တဆ ဖြစ်ရပ် အစီရင်ခံစာများဖြင့် လုပ်ဆောင်နိုင်ပါသည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်လျှောက် CLEEN သည် စုစုပေါင်း အစီရင်ခံစာ ၇,၈၀၀ ရရှိခဲ့သည် - အသိအမှတ်ပြုခံထား‌ရသော စောင့်ကြည့်လေ့လာသူများထံမှ ၆,၃၀၀ နှင့် အရပ်ဘက် စောင့်ကြည့်လေ့လာသူများထံမှ ၁,၅၀၀ ရရှိခဲ့ပါသည်။ ထိုအစီရင်ခံစာများသည် အချိန်နှင့်တစ်ပြေးညီ သို့မဟုတ် အချိန်နှင့်တစ်ပြေးညီနီးပါး ရောက်ရှိခဲ့ခြင်းကြောင့် ရွေးကောက်ပွဲကျင်းပသည့်နေ့များတွင် အစီရင်ခံစာများစွာကို CLEEN မှ ထုတ်ပြန်နိုင်ခဲ့သည် - နေ့ခင်းတွင် တစ်ကြိမ်၊ မဲရုံအားလုံးပိတ်ပြီးချိန်တွင် တစ်ကြိမ် ထုတ်ပြန်ပါသည်။ ဤနေရာတွင်ကြည့်ရှုနိုင်သည် အဆိုပါ အစီရင်ခံစာများအနက် တစ်ခုကို ရွေးကောက်ပွဲအပြီး နောက်ရက်တွင် ထုတ်ဝေခဲ့ပြီး အခြားအစီရင်ခံစာ မှာ အဓိကတွေ့ရှိချက်များနှင့်အတူ လာမည့်ရွေးကောက်ပွဲများတွင် လုံခြုံရေး တိုးမြှင့်ရန်၊ အကြမ်းဖက်မှု လျှော့ချရန်နှင့် လိမ်လည်မှုများ တားဆီးရန် နိုင်ဂျီးရီးယားအစိုးရထံ အကြံပြုချက်များ ပါဝင်ပါသည်။

ဤပထမအကြိမ် အသုံးပြုမှု အောင်မြင်ပြီးနောက် CLEEN သည် နိုင်ဂျီးရီးယားတွင် လူကုန်ကူးမှု စုံစမ်းစစ်ဆေးရန်၊ လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းရင်းများကို ပိုမိုကောင်းမွန်စွာ နားလည်ရန်နှင့် အလားအလာရှိသော တန်ပြန်ဆောင်ရွက်မှုများကို ရှာဖွေဖော်ထုတ်ရန် Tella ကို အသုံးပြုခဲ့သည်။

Not1More - ဘရာဇီး

Summary

Not1More (N1M) သည် ဘရာဇီးအမေဇုန်ရှိ သဘာဝပတ်ဝန်းကျင်နှင့် မြေယာအခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန်အတွက် Tella ကို အသုံးပြုခဲ့သည်။ ဘရာဇီးလ်တွင် ရှေ့တန်းတက်ကြွလှုပ်ရှားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများသည် တိုက်ခိုက်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ကြုံတွေ့နေရပြီး ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းများသည် ၎င်းတို့၏ ယဉ်ကျေးမှု၊ နယ်မြေများနှင့် လူနေမှုပုံစံများကို တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။ Tella သည် သတင်းထောက်များအတွက် ဘေးကင်းရေးကို ဦးစားပေးထားပြီး ချိုးဖောက်မှုများကို သတင်းပို့ရန် ဘေးကင်းသော နည်းလမ်းတစ်ခု ဖြစ်သည်။ ရရှိခဲ့သောရလဒ်များဖြင့် သဘာဝပတ်ဝန်းကျင်တရားမျှတမှုအတွက် ထောက်ခံအားပေးသည့်ကိရိယာအဖြစ် အသုံးပြုသည့် မြေပုံတစ်ခုကို သုတေသီများနှင့် လူမှုအသိုင်းအဝိုင်းများနှင့်အတူ N1M မှ ဖန်တီးခဲ့သည်။

Not1More (N1M) သည် ရှေ့တန်းတက်ကြွလှုပ်ရှားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကို ပံ့ပိုးပေးပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခများ၏ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့ဖြစ်သည်။ N1M သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများကို ပံ့ပိုးပေးပြီး ကမ္ဘောဒီးယား၊ အနောက်အာဖရိကနှင့် ဘရာဇီးရှိ အန္တရာယ်ရှိသော ထိန်းသိမ်းရေးသမားများ၊ အသိုင်းအဝိုင်းများနှင့် အနီးကပ်ပူးပေါင်း၍ ပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခများနှင့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပါသည်။

ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းများ၏ ယဉ်ကျေးမှု၊ နယ်မြေများနှင့် လူနေမှုပုံစံများအပေါ် တိုက်ခိုက်မှုများ ကြုံတွေ့နေရသည့် ဘရာဇီးအရှေ့မြောက်ပိုင်း၌ Tella ကို N1M မှ အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါဒေသရှိ ရှေ့တန်းတက်ကြွလှုပ်ရှားသည့် သဘာဝပတ်၀န်းကျင် ထိန်းသိမ်းရေးသမားများသည် ၎င်းတို့၏အလုပ်ကြောင့် ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ထောင်ချခြင်း သို့မဟုတ် အပုပ်ချမဲဆွယ်ခြင်းများနှင့် ရင်ဆိုင်နေကြရသည်။ ၂၀၁၉ ခုနှစ်တစ်နှစ်တည်းတွင် ဘရာဇီးနိုင်ငံ၌ မြေယာကာကွယ်စောင့်ရှောက်သူ ၂၄ ဦး သေဆုံးခဲ့သည်။ ဤလူသတ်မှုများ၏ ၉၀% မှာ အမေဇုန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သဘာဝပတ်ဝန်းကျင်နှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူများအပေါ် တိုက်ခိုက်မှုများနှင့် ချိုးဖောက်မှုများကို မှတ်တမ်းတင်ရန်အတွက် N1M သည် Tella ကို အသုံးပြုသည်။ ဆပ်ဆက်ဇ်တက္ကသိုလ်၏ ပတ်ဝန်းကျင်တရားမျှတမှုဆိုင်ရာ သုတေသီတစ်ဦးဖြစ်ပြီး N1M အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ Mary Menton က “ဘရာဇီးလ်လိုနေရာမျိုးတွေမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့လူတွေအပေါ် အစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေ တိုးလာနေတယ်။ တက်ကြွလှုပ်ရှားသူများအနေနဲ့ မိမိဒေတာ တတ်နိုင်သမျှ လုံခြုံနေရန် အလွန်အရေးကြီးပါတယ်။ အစိုးရက သတင်းအချက်အလက်နှင့် အထောက်အထားတွေ စုဆောင်းနေတာကြောင့် တက်ကြွလှုပ်ရှားသူတွေကို ဘေးအန္တရာယ်ကြီးကြီးမားမား မကျရောက်စေဖို့ ကျွန်ုပ်တို့ အမြဲ သေချာလုပ်ဆောင်ရပါတယ်” ဟု ရှင်းပြခဲ့သည်။

အက်ပ်၏လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှု အင်္ဂါရပ်များအပြင် အဖွဲ့အစည်းအနေနှင့် စုဆောင်းရယူထားသည့် အချက်အလက်များအပေါ် အပြည့်အဝပိုင်ဆိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ဝင်ရောက်သုံးစွဲခွင့်ရှိသူကို သတ်မှတ်ပေးနိုင်သောကြောင့် Tella ကို အသုံးပြုရန် N1M မှ ဆုံးဖြတ်ခဲ့သည်။ “ကျွန်ုပ်တို့မမျှဝေချင်တဲ့ စုဆောင်းထားသော အချက်အလက်များစွာရှိပါတယ်။ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ရွေးချယ်ခွင့်ရှိသင့်တယ်လို့ ကျွန်တော်တို့ တကယ့်ကို ယုံကြည်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ အချက်အလက်တွေကို ဘယ်သူက ဝင်ရောက်ခွင့်ရှိတယ်ဆိုတာ ဆုံးဖြတ်သူတွေ ဖြစ်သင့်ပါတယ်” ဟု Menton က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီဘာသာစကားဖြင့် သုံးစွဲနိုင်ခြင်းကလည်း ဆုံးဖြတ်ချက်ချရာတွင် အရေးပါသောအချက် ဖြစ်ခဲ့ပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဘရာဇီးရှိ သစ်တောထိန်းသိမ်းစောင့်ရှောက်သူများ ညီလာခံ ကျင်းပနေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အချက်အလက်များကို ဘေးကင်းစွာစုဆောင်းရန် Tella ကို အသုံးပြုပုံနှင့် ပတ်သက်၍ Horizontal က သစ်တောထိန်းသိမ်းစောင့်ရှောက်သူများကို လေ့ကျင့်ပေးခဲ့ပါသည်။

စုဆောင်းရရှိသော ဒေတာများဖြင့် ဘာဟီယာ ဖက်ဒရယ်တက္ကသိုလ် (Federal University of Bahia)၊ Recôncavo of Bahia ဖက်ဒရယ်တက္ကသိုလ်နှင့် Bahia ပြည်နယ် တက္ကသိုလ်တို့မှ ဌာနေ တိုင်းရင်းသား ကျောင်းသားများနှင့် သုတေသီများသည် Tella ကို အသုံးပြု၍ စုဆောင်းထားသော ဌာနေတိုင်းရင်းသား အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အထောက်အထားများကို သရုပ်ဖော်ထားသည့် မြေပုံတစ်ခုပါရှိသော ဝဘ်ဆိုက်တစ်ခုကို ဖန်တီးခဲ့သည်။-https://umoutroceu.ufba.br။ APOINME (အရှေ့မြောက်ဒေသရှိ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် အဖွဲ့အစည်းများ၊ Mina's Gerais နှင့် Espírito Santo) သည် ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းများကို တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ပိုမိုသတိပြုမိလာစေရန်နှင့် ပိုမိုကောင်းမွန်သော အကာအကွယ်ရရှိရန် ထောက်ခံအားပေးသည့် ကိရိယာအဖြစ် Tellaကို အသုံးပြုခဲ့သည်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေး - ဘီလာရု

Summary

ဘီလာရုဇ်နိုင်ငံ၏ ၂၀၂၀ပြည့်နှစ် သမ္မတရွေးကောက်ပွဲများတွင် အရပ်ဘက်အဖွဲ့အစည်းများသည် ရွေးကောက်ပွဲများကို စောင့်ကြည့်ရန်၊ ရွေးကောက်ပွဲဥပဒေနှင့် လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုများအပြင် လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ အထောက်အထားများကို မှတ်တမ်းတင်ရန်အတွက် Tella ကို အသုံးပြုခဲ့သည်။ Horizontal သည် ရိုးရှင်းသော အသုံးပြုသူ အင်တာဖေ့စ်၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ၏ ဆာဗာများနှင့် ပုံသေ ချိတ်ဆက်မှုတို့ပါဝင်သော Tella ၏ စိတ်ကြိုက်ဗားရှင်းကို တီထွင်ခဲ့သည်။ အက်ပ်အား ဘီလာရုဇ်နှင့် ရုရှားဘာသာသို့ ပြန်ဆိုထားသည်။ ရွေးကောက်ပွဲမတိုင်မီ၊ ကာလအတွင်းနှင့် ရွေးကောက်ပွဲအပြီးတွင် အင်တာနက်လိုင်းများ ဆိုးဝါးစွာပြတ်တောက်ခြင်း၊ ဖုန်းအင်တာနက်ကို လုံးဝပိတ်ပစ်လိုက်ခြင်းတို့ရှိသော်လည်း သုံးစွဲသူ ၂၅၀ ကျော်သည် စုစုပေါင်းအစီရင်ခံစာ ၁၀၉၁ ခု ပေးပို့ခဲ့သည်။

👥 အသုံးပြုသူ ၂၅၀

📲အစီရင်ခံစာ +၁၀၀၀ (ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ပုံစံဒေတာ)

🗄️ ချိတ်ဆက်မှု- ODK (Kobotoolbox)

ဘီလာရုနိုင်ငံတွင် Alexander Lukashenko ၏ သက်ဦးဆံပိုင်စနစ်သုံး အုပ်ချုပ်မှုသည် အခြေခံ လူ့အခွင့်အရေးများကို ကာလရှည်ကြာ ချုပ်နှောင်ထားပြီး နိုင်ငံရေးအတိုက်အခံများကို ဖိနှိပ်ခဲ့သည်။ ရွေးကောက်ပွဲများမှာ လွတ်လပ်မှုမရှိသကဲ့သို့ တရားမျှတမှုလည်း မရှိပေ။ သို့သော် ယုံကြည်ရလောက်သော အတိုက်အခံ ကိုယ်စားလှယ်လောင်းများနှင့် ကိုဗစ် -၁၉ ကပ်ရောဂါကို ရင်ဆိုင်ရာတွင် အစိုးရ အရည်အချင်းမပြည့်မီမှုကြောင့် အင်အားပြန်လည် ပြည့်ဝလာခဲ့သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်အတူ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲများသည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အပြောင်းအလဲအတွက် အလားအလာရှိသော လမ်းကြောင်းကို ပေးစွမ်းနိုင်ခဲ့သည်။

ဘီလာရုလူမျိုးလေ့လာသူများ၏ လိုအပ်ချက်များအတွက် အထူးထုတ်လုပ်ထားသည့် Tella ၏ စိတ်ကြိုက်ဗားရှင်းကို ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Horizontal မှ တီထွင်ခဲ့သည်။ လေ့ကျင့်ရေးလိုအပ်ချက်များကို လျှော့ချပြီး စတင်အသုံးပြုခြင်းကို တတ်နိုင်သမျှ ချောမွေ့စေရန် အသုံးပြုသူ အင်တာဖေ့စ်ကို ရိုးရှင်းစွာဖန်တီးခဲ့ပြီး အက်ပ်ကို စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ၏ ဆာဗာများနှင့် ချိတ်ဆက်ခဲ့သည်။ ၎င်းအက်ပ်ကို ဘီလာရုနှင့် ရုရှားဘာသာစကားတို့ဖြင့်လည်း ဒေသန္တရမှု ပြုခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် ဘီလာရု၌ ပါလီမန်ရွေးကောက်ပွဲများ ကျင်းပစဉ် Tella ကို အသုံးပြုထားပြီးဖြစ်သောကြောင့် စောင့်ကြည့်လေ့လာသူအများအပြားသည် အဆိုပါအက်ပ်နှင့် ရင်းနှီးပြီးသား ဖြစ်သည်။

ကြိုတင်မဲပေးစဉ်နှင့် ရွေးကောက်ပွဲနေ့တွင် စောင့်ကြည့်လေ့လာသူများသည် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ထပ်ဆောင်းအချက်အလက်များကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနိုင်စေရန် စံသတ်မှတ်ချက်ပြည့်မီပြီး စနစ်တကျရေးဆွဲထားသည့် ဖောင်ပုံစံများဖြင့် Tella ကို အသုံးပြု၍ ပေးပို့ခဲ့ကြသည်။ ရွေးကောက်ပွဲ မတိုင်မီ၊ ကာလအတွင်းနှင့် ရွေးကောက်ပွဲအပြီးတွင် အင်တာနက်လိုင်းများ ဆိုးဝါးစွာ ပြတ်တောက်ခြင်းနှင့် မိုဘိုင်းဖုန်း အင်တာနက်ကို လုံးဝပိတ်ပစ်လိုက်ခြင်းတို့ကြောင့် စောင့်ကြည့်လေ့လာသူများက စုဆောင်းရရှိသော ဒေတာများကို ၎င်းတို့၏ အဖွဲ့အစည်းများထံ ချက်ချင်းလွှဲပြောင်း၍မရခဲ့ပေ။ သို့သော် Tella ၏ အော့ဖ်လိုင်းစွမ်းရည်များကြောင့် အသုံးပြုသူများသည် ဒေတာများ ဆက်လက်စုဆောင်းနိုင်ပြီး ဆာဗာသို့ အပ်လုဒ်မတင်မချင်း ၎င်းတို့၏စက်ပစ္စည်းတွင် လုံခြုံစွာ သိမ်းဆည်းထားနိုင်ခဲ့သည်။

အင်တာနက် ပြတ်တောက်မှုများနှင့် ကြုံရသော်လည်း စောင့်ကြည့်လေ့လာသူ ၂၅၀ သည် Tella ကို အသုံးပြု၍ စုစုပေါင်း အစီရင်ခံစာ ၁၀၉၁ ခု ပေးပို့ခဲ့သည်။

ရွေးကောက်ပွဲများအပြီး တရားဝင်ရလဒ်များ အရ ထောက်ခံမဲ ၈၀% ဖြင့် ဆဋ္ဌမအကြိမ်မြောက် လူကာရှန်ကို ပြန်လည်အရွေးခံရသည်။ ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊ မရှိ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ မေးခွန်းထုတ်ခဲ့ကြသည်။ ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို Tella အပါအဝင် အမှီအခိုကင်းသော စောင့်ကြည့်လေ့လာသူများ စုဆောင်းထားသည့် အချက်အလက်များမှ ထုတ်ဖော်ပြသခဲ့ပါသည်။

ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) သည် ၎င်း၏ လတ်တလော အစီရင်ခံစာဖြစ်သော ရွေးကောက်ပွဲအပြီး အစီရင်ခံစာ ရေးသားချက် တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ_"ကြီးမားပြီး ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျုးလွန်မှုဖြစ်ကာ သက်သေပြစရာမလိုအပ်လောက်အောင် ထင်ရှားကြောင်း တွေ့ရှိခဲ့ရသည်” ။_မရေမတွက်နိုင်သော ချိုးဖောက်မှုများအနက် တက်ကြွလှုပ်ရှားသူများအား ခြိမ်းခြောက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်း၊ အလားအလာရှိသော ကိုယ်စားလှယ်လောင်းများကို ဖမ်းဆီးခြင်း၊ ရွေးကောက်ပွဲ လိမ်လည်ခြင်း၊ သတင်းရယူခွင့် ကန့်သတ်ခြင်း၊ ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ကို စောင့်ကြည့်လေ့လာသူများက မှတ်တမ်းတင်ခဲ့သည်။ စောင့်ကြည့်လေ့လာသူများကိုယ်တိုင်လည်း ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ မဲရုံများသို့ ဝင်ရောက်ခွင့်မပြုခြင်းတို့ ခံခဲ့ရသည်။ OSCE အဖွဲ့က “မဲများသည် ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု သို့မဟုတ် တရားမျှတမှု မရှိခဲ့ပါ” ဟု ဖော်ပြခဲ့ပါသည်။ ဒေတာအားလုံးကို အဖွဲ့အစည်းမှ ဒေါင်းလုဒ်ပြုလုပ်၍ စီမံဆောင်ရွက်မှုအပြီး ရွေးကောက်ပွဲအလွန် လအနည်းငယ်အကြာတွင် ဆာဗာကို ပိတ်လိုက်ပါသည်။